Wednesday, July 29, 2015

ဇနီးစံပြ တော်လေးဝ


တော်ဝင်စံတင်လောက်သူများဖြစ်၍ တော်လေးဝဝင် ဇနီးများဟု မှတ်သားခဲ့ ကြသည်။ သူတို့သည် ဇာတ်တော်လာ မိန်းမမြတ်လေး ဦးပေတည်း။ မြတ်စွာ ဘုရား၏ အတိတ်ဘဝ ဇာတ်ကြောင်းများ ဖြစ်လေသည်။ ဇနီးဝတ္တရားနှင့် ပြည့်စုံ
ကျေပွန်သူများ ဖြစ်ကြ၏။ လင်ကို ရိုသေ၏။ လုပ်ကျွေးပြုစုတတ်၏။ ဇနီးစံပြတော်လေးဝ ဟု ဆိုထိုက်လှ၏။
(၁) အမရာဒေဝီ
ဘုရားလောင်း မဟောသဓ၏ ဇနီးဖြစ်သည်။ ဝိဒေဟရာဇ်မြို့မြောက် ဘက်ရှိ ဥတ္တရယဝမဇ္ဈဂုံးရွာသူဖြစ်၏။ ပါရမီဖြည့်ဖက်အဖြစ် ကျင့်ကြံ၏။ ဉာဏ်ပညာ ကြီး၏။ လင်သားအား သစ္စာထားကာ ကိုယ်ကျင့်စောင့်ထိန်း ၏။ ထို့ကြောင့် ပင် တော်လေးဝဝင် ဖြစ်ခဲ့လေသည်။
(၂) စန္ဒကိန္နရီ
ဘုရားလောင်း စန္ဒကိန္နရာ၏ ဇနီးဖြစ်သည်။ ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းသည် လင်ဖြစ်သူ စန္ဒကိန္နရာကို လေးဖြင့် ပစ်ခွင်း၍ ဇနီးစန္ဒကိန္နရီကို မိဖုရားမြှောက်မည် ဟု ဖြားယောင်း၏။ သို့သော် ဇနီးကိန္နရီက လင်သားကိန္နရာ အသက်ရှင်ရန်သာ သစ္စာပြု၏။ မိဖုရားအဖြစ်ကိုငြင်းဆန်ခဲ့၏။ သို့ဖြစ်၍ တော်လေးဝ ဝင် ဖြစ်ရလေ သည်။
(၃) မဒ္ဒီဒေဝီ
သိဝိတိုင်း၊ စေတုတ္ထရာပြည့်ရှင် ဝေဿ       န္တရာမင်း၏ ကြင်ရာတော်ဖြစ်သည်။ ပြည်နှင်ခံရသော ဘုရင်၏ နောက်ပါးမှတစ်

ဖဝါး မကွာ လိုက်ပါပြုစု လုပ်ကျွေး၏။ တောတွင်း ၌လည်း လင်နှင့် သားသမီးတို့အတွက် အစာရေစာ ရှာဖွေကျွေးမွေး ခဲ့၏။ ဤအကြောင်းများကြောင့်ပင်တော်လေးဝဝင် ထင်ရှားခဲ့ရလေသည်။
(၄) သမ္ဘူလ
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ သားတော် သောတ္ထိသေနမင်းသား၏ ဇနီးမယားဖြစ်၏။ နူနာစွဲကပ်၍ မင်းသားတော 

ထွက်သွား၏။ ဇနီးဝတ္တရားမပျက်ဘဲ လင်သား အပေါ် ခြေဆုပ် လက်နယ်ပြုပေး၏။ သစ္စာရှိ၏။ သမ္ဘူလ၏ သစ္စာကို မင်းသား သင်္ကာမကင်းသဖြင့် ဇနီးက ဤသို့သစ္စာ ဆိုလေ၏။ မိမိ၏ သစ္စာ၊ မေတ္တာ မှန်လေ လျှင် မင်းသား၏ နူနာရောဂါ
ပျောက်ကင်း ပါစေသတည်းဟု အဓိဋ္ဌာန်ပြုလေ၏။ ရောဂါပျောက်ကင်း သွားသောကြောင့် ဇနီးလည်း တော်လေးဝ မှတ်တမ်းဝင် ရလေသည်။ ။

Posted by ဉာဏ်ဦး

No comments:

Post a Comment