Tuesday, November 5, 2013

ဓမ္မတေး (၆)


ဘဝသံသရာ
ရေး- မန္တလေး ဦးဘသိန်း၊
ဆို- ဦးသုခ(၁)၊ / ဦးထွန်းရွှေ(၂)၊
ရှင်းတမ်းပြော- ဦးသုခ၊
နားဆင် နှလုံးသွင်းရန်(၁)။   နားဆင် နှလုံးသွင်းရန်(၂)။

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ၊ ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ၊ လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့ ပျော်လိုက်ရွှင်လိုက် ငိုကာရယ်ကာ ဘယ်ဟာ မတည်မြဲ ဖေါက်လှဲဖေါက်ပြန် အကြောင်းကံ ကမ္မသကာ။
တွေ့ကြုံဆုံကွဲ ခရီးထဲ ဝမ်းနည်းဝမ်းသာ ဝိပလ္လာ၊ ဖြစ်ချင်တာလည်းမဖြစ်ရပါ
မဖြစ်ချင်တာလည်းဖြစ်ရတာ၊ ဖြစ်ချင် တာ တွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်းဖြစ်ရတာ၊ သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ။ 

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ၊ xx
[ဘဝဆိုတာ သတ္တဝါတစ်ဦးရဲ့ ဇာတိကအစ မရဏအထိ အဲဒီကာလ တွင်းလို့ သိကြရပါတယ်၊ အဲဒီဘဝဟာ တစ်ဘဝတည်းနဲ့ ပြီးသွားကြမ လား၊ ဘဝပေါင်းများစွာ ရှည်လျားနေရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။ အဲဒီလိုဘဝသံသရာ ဒီဘဝ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘဝ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မပြည် တဝင်း ဝင်း၊ ဝက်စားကျင်းတရှုပ်ရှုပ်၊ ကမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များလှမ်းသလို လှမ်းနေကြရ တာက]

ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယာက်တက် ဆက်လက်ထွက်ခွါလာ၊ xx
[အဲဒီလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့် လိုက်တော့]
အော် လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့ xx
[အရင်းစစ်လိုက်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း စုံလုံး ကန်းတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရ ဆိုတဲ့ပြုပြင်တာရယ် စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါဆို ဘဝတိုင်းဘဝတိုင်း ကောင်း တာလေးတွေ့တော့ ပျော်လိုက်ကြ၊ မြူးစရာလေးတွေ့တော့ ပျော်လိုက်ကြ၊ ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက် ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး၊ တွေ့ တယ်၊ ကြုံတယ်၊ ဆုံတယ်၊ ကွဲတယ်၊ ဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လာသတရားတွေမို့ ဖြစ်ချင်တာလည်းဖြစ်ချင်မှ ဖြစ်ကြမယ်၊ မဖြစ်ချင်ပါဘူးဆိုလည်း မဖြစ်မနေဖြစ်ကြရမယ်၊ ဒီလိုတေဘူမက ဝဋ်ဒုက္ခဆိုတဲ့ သုံးဆယ့်တစ်ဘုံက လွတ်ကင်းအောင် ဇွတ်အတင်း ထွက်နိုင် ကြဖို့ကလည်း သန်းခေါင်လကွယ် တောအုပ်လယ် လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ်ကင်းများလျှောက်သလို ဝိုင်းကြီးပတ်လည် ဘဝမဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ် ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ တွေရင်ဝယ် ပိုက်နိုင်အောင် ကြိုးစားကြဖို့]
သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့တေဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ။   ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment